Tuesday, January 24, 2012

ကတ္တီပါလမ်းခွဲ

ကတ္တီပါလမ်းခွဲ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။

အတွေးအခေါ် ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ အသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။

စစ်အာဏာရှင်အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို “ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးမှာ ကျနော် ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူးဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေသလား လို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက် ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။

“ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်”

သူတို့ထဲမှာ အပျော့အမာ ကွဲမကွဲတော့ မသိဘူး။ ကျနော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲ နှစ်ခြမ်းကွဲထွက်တာမျိုးကို မျက်ဝါးထင်ထင် မတွေ့မြင်ရသေးပေမယ့် အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။

ဒီလိုကွဲနိုင်တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး မဆုံးဖြတ်ခင်တုန်းက ရေးတဲ့ ကျနော့်ရဲ့ “ကျုံးသွင်းခံရသော ဆင်ကြီးတကောင်” ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မူအရကွဲလာတဲ့အခါ လူအရ တွဲဖို့ဆိုတာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။

အတွေးအခေါ်အကွဲရဲ့ အဓိက အက်ကြောင်းနေရာက ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်တဲ့ အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမယ့် သူတွေကိုတော့ တခြားဒီမိုကရေစီအုပ်စုက ပျော့ညံ့သူတွေလို့ ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့် ပြတ်သားသူနဲ့ ပျော့ပျောင်းသူ အပျော့နဲ့ အမာလို့ပဲ ကျနော် သုံးစွဲပါမယ်။

တချို့က ညီညွတ်ရေး ရှေးရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင်ကြီးမားတဲ့ အမြင်ပါ။ ဒါပေမယ့် တကယ်လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယဖြစ်မိပါသလဲ။ ကျနော် ပြောပါမယ်။

ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပီပီ မီဒီယာနေရာ မနေဘဲ ဒီအချိန်မှာ ပွဲဖျက် နှောက်ယှက်လာရင် ဘယ်သူ့မှ သည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန်ဆန် လုပ်ရမယ့်အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလို ပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကို တွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီလောက် ဒီမိုကရေစီစကား ပြောခွင့်ရလာတယ် ဆိုတာကိုတော့ သတိမေ့သွားသယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။

မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ကြံ့ဖွံ့စစ်အစိုးရက ဖြိုခွဲတဲ့ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားများဟာ သူတို့ဘက်ကနေ အားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကို ကူညီပြီး ဆန္ဒပြ သံဃာတော်တွေရဲ့ ရည်ရွယ်ချက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှ ပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။

တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေးအတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။ ဒီမိုကရေစီအခွင့်အရေးအတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ် ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှု ပျက်ပြားမှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူတွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်တွေ ဒီမိုကရေစီအတွက် စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီနောင်ရေးဟာ ရင်လေးစရာ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့ အပြုအမူ ဖြစ်ပါတယ်။ တာဝန်မဲ့တဲ့ အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့ မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူး ဆိုရင်လည်း မထောက်ခံနိုင်ကြောင်း ဘာ့ကြောင့် မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင်လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်က မရပ်ဘဲ ဦးသိန်းစိန်ဘက်က ရပ်ခဲ့တဲ့ နောက်ထပ် ဥပမာတခု ဖြစ်ပါတယ်။

ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီး ဝင်နေခဲ့ပါတယ်။ နောက်ထပ် မတရား ချိတ်ပိတ်ခံထားရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေ ချိုးဖောက်ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ဥပဒေကို လိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီအရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှ ဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲဝင်နေစရာ မလိုတော့ပါဘူး။ စစ်အစိုးရ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာ အရုပ်ကလေးတွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ကို ဟန့်တားဖို့အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာ မလိုဘဲ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓားပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သူ ဒေါက်တာဘဦးကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့ သဘောထားပါတယ်။ ပြည်သူတွေရဲ့ သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့အတိုင်းပါပဲ။

တကယ်တော့ ဆရာတော် ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက် အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထားတင်းမာသူတွေက စိုးရိမ်ပူပန်ကြရင် အပျော့သမားဆိုတဲ့ သမ္မတ ဦးသိန်းစိန် ဒုက္ခရောက်မလား။ ဒေါ်စုရဲ့ တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားကြဖို့က အပြောင်းအလဲ ဖြစ်လာဖို့အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျနော်တို့ မျှော်လင့်နေကြတဲ့ အပြောင်းအလဲဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံနေလို့ ဒီမိုကရေစီ ရမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါပေါက်မှ ပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါဘူး။

အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီလောက် အာမခံချက်ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။

ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာစိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ် လိုက်ပိတ်၊ ဒီလူ့ပါးစပ် လိုက်ပိတ် လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်က လူထုတရပ်လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက် ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန် ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပါပြီလဲ။

ဘယ်လောက် တွေဝေကုန်ပြီလဲဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာပြောလာကြတဲ့ အထိပါပဲ။ လူထုအဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ လူထုအင်အားကို ပြသတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင်စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့သဘောထား၊ လူထုရဲ့ဆန္ဒကို လုံးဝလျစ်လျူရှု ပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကို ရယူဖို့ ကြိုးစားကြ ပြသကြရတာချည်းပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေ ဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

တကယ်တမ်း စစ်အစိုးရကို ရွေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ် မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် ထောင်က လွတ်လာတော့ ဓားအိမ်ကို ကြည့်လို့ ဓားကောင်းမှန်း မသိရင်၊ ဓားကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက် ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ရေးထိုးချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာကို ထောက်ခံရတာဟာ အင်မတန် စွန့်စားရတဲ့ ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်ထဲမှာ ဒေါ်စု ရွေးကောက်ပွဲဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံသူတွေလည်း ရှိကြပါတယ်။

အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ဓားကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှုပမာဏကလည်း သိပ်ကြီးမားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။

ဒါပေမယ့် မစန္ဒာမင်းကို ထောင်ကလွတ်အလာ စောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့ နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော်မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စောစောက ပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီသမားတွေ အကြားမှာ အပျော့အမာ လက်တွဲပြီး တအုပ်စုနဲ့ တအုပ်စုအကြားမှာ အကူအညီပေး ချီတက်ကြဖို့ ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့ သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယဖြစ်မိတယ်လို့ ကျနော် ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေးလမ်းကြောင်းဟာ ကျနော်တို့အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ ကိစ္စကို ဖြစ်အောင်လုပ်ကြရပါတော့မယ်။ တကယ်တမ်း ဒီလို သွားရတော့မယ်ဆိုရင် တဘက်နဲ့တဘက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဘက်နဲ့တဘက် ကူညီကြဖို့၊ အတွေးအခေါ်အရရော၊ လက်တွေ့အရပါ တဘက်ကို တဘက် အနှောက်အယှက်မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။

ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့ မတားရုံသာမက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့ လိုပါတယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့ လိုပါတယ်။

ပြတ်သားသူတွေနဲ့ ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားက ဝင်လာတာမျိုးဟာ ပြတ်သားသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာအကွယ်ပေးနေရင် ပြတ်သားသူတွေ အခက်တွေ့စေနိုင်ပါတယ်။ အဲသလို အခက်တွေ့ရင် စိတ်ဝမ်းကွဲပြားမှုတွေ တိုးပွားလာပြီး ညီညွတ်ရေး ပျက်ပြားမှာကို စိုးရိမ်ရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်သန်းရွှေက ပြောကြောင်း သတင်းတခု ထွက်ခဲ့ဖူးပါတယ်။ ဒီသတင်း မှန်နေသလားဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာမျိုးတောင် စဉ်းစားစရာ ဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စု မပါတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ်တမ်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့ အဆင်သင့်ပါ။ ဒါပေမယ့် ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင်လည်း မပါဝင်ဖူးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့ အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင်တယောက်အနေနဲ့ သူယုံကြည်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမယ့် လူထုလှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စု ကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်စု လုပ်သမျှ ထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တားကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေ ရှိနေလို့ ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စု နှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမယ့် ဒေါ်စုရဲ့ဆန္ဒ၊ ဒေါ်စုရဲ့အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။

ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ် ချီတက်ကြဖို့ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့ လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့ လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုး မလုပ်ဖို့ လိုပါတယ်။

နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမယ့် ဒါဟာ တိုက်ခိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက်ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေး ပျက်ပြားအောင် ဝေဖန်တာ မဟုတ်ပါဘူး။ ညီညွတ်ရေး မပျက်ပြားစေချင်လို့ ဝေဖန်တာဖြစ်ပါတယ်။

အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ ညီညွတ်ရေး မပျက်ပြား မထိခိုက်ဘဲ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက် နည်းအမျိုးမျိုးနဲ့ ချီတက်နိုင်ရေးအတွက် ညှိနှိုင်းတဲ့သဘောပါ။

ကျနော်တို့အကြားမှာ အမြင်ကွဲတွေ ရှိနေတာကိုတော့ အရှိကို အရှိအတိုင်း လက်ခံကြပါစို့။ ဒီနေ့အချိန်မှာ ကျနော်တို့ လက်မခံလို့ မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲလျှောက်ကြရအောင်ပါ။ ဒါပေမယ့် လမ်းခွဲလျှောက်ကြတဲ့အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့၊ ရဲဘော်ရဲဘက်တွေလို ခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ညင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ ဖြစ်ပါတယ်။

နောက်တပတ် ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှ မဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက်လုပ်စရာရှိသေးလို့လဲလို့ မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ်ဆိုတာကို ပြောပါမယ်။ သဘောထားပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေအတွက် ရှေ့ဆက်လုပ်ကြရမယ့် အပိုင်းကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

41 comments:

Truth said...

if u dare, do yrself.
Dun give shit about other ppl.
Come back first and talk later.

ma har said...

မင်းက ဘာလဲ nld ကို မကြေနပ်ထာလား ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုတာလား နှစ်ခုလုံးလား တခုခုလား မင်းကိုယ် မင်းမေးခဲ့ဘူးလား ။နားလည်သလား ။ဟ
ငါမင်းစာတွေဖတ်ရတော့ မင်းကို ငါသိလိုက်ပါပြီ
မင်းက အဖျက်သမား ကွန်မြူနစ်နောက်လိုက်တယောာ်ပါ

ma har said...

မင်းက ဘာလဲ nld ကို မကြေနပ်ထာလား ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုတာလား နှစ်ခုလုံးလား တခုခုလား မင်းကိုယ် မင်းမေးခဲ့ဘူးလား ။နားလည်သလား ။ဟ
ငါမင်းစာတွေဖတ်ရတော့ မင်းကို ငါသိလိုက်ပါပြီ
မင်းက အဖျက်သမား ကွန်မြူနစ်နောက်လိုက်တယောာ်ပါ

kg kg said...

very bold and straight forward. very impressive. as i have always believed, 88th generation is the only hope for burma democracy and national reconciliation (Not NLD!!).

S.Maung Chain said...

Everybody can differ ideas in deocracy.I think (2008) constitution
is a bad domant sore for (88) students and democracy activists.

Truth Lover said...

I think NLD does not want people to come out and protest recently because the military will take power again for that reason.And it is not the right time to do that. We believe both ASSK(NLD) and 88 generations but more on ASSK .Only ASSK can make Democracy , peace and reconciliation as Burmese ethnic people only trust in her like General Aung San and Bo Min Yaung.So we should all know and focus on burmese people desire.

Taw Lu Thit said...

ကိုဇော်ဝင်းနာမည်နဲ့ မရေးပဲ ကိုမိုးသီး နာမည်နဲ့ ရေးပါက ပိုအောင်မြင်ပါမည်။

Khin said...

မန္တလေးမှာ ဦးသောပါက (ဂျာမနီပြန်ဘုန်းကြီး) ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ဘာကြောင့်မထောက်ခံကြလဲလို့ သိချင်ရင် ဂျာမနီကလူတွေကို မေးကြည့်ပါအုံး။ ဘယ်လို ဘုန်းကြီးမျိုးလဲဆိုတာ။

mrmonn said...

Truth doesn't dare to do so?

Mahar is putting the name to other "Communist" since he is loosing his militarism.

Truth lover hasn't study real Myanmar history, just knows history written by Juntas and some superficial writers.
Another one said to ask people from Germany about what kind of monk he is? who demonstrated against present Gov in Mandalay?
those funny people writes terrible comments.

mrmonn said...

Truth doesn't dare to do so?

Mahar is putting the name to other "Communist" since he is loosing his militarism.

Truth lover hasn't study real Myanmar history, just knows history written by Juntas and some superficial writers.
Another one said to ask people from Germany about what kind of monk he is? who demonstrated against present Gov in Mandalay?
those funny people writes terrible comments.

mrmonn said...

Hello I want to put this kind of yr Ideal writing. How can I link to my face book?
Mr monn

Thiri said...

ကျောင်းသားနဲ့ NLD ကိုသွေးခွဲ၊ လယ်သမားနဲ့ NLD ကိုသွေးခွဲ၊ နောက်ထပ်ဘာခွဲဖို့ကျန်သေးလဲ။ ဇော်ဝင်းရာ?

swesoe said...

လွမ်းဆွေနှင့်မိုးသီးဇွန်။

မင်းတို့တတ်နိုင်လျှင်။မင်းတို့လုပ်တတ်လျှင်မင်းတို့ပြန်လာခဲ့

မင်းတို့ဘာတွေလဲ။ဘယ်လိုလူစားတွေလဲဆိုတာအားလုံးသိကြတယ်။သတ္တိရှိလ
လျှင်နာမည်ရင်းအတိုင်းရေးကြကွာ။နိုငိငံတော်ရဲ့တိုးတက်တဲ့အခြေအနေကိုနှောက်ယှက်ဖျက်ဆီးတဲ့။သွေးခွဲတဲ့မင်းတို့ဟာပြည်သူတွေရဲ့ဘုံရန်သူတွေဘဲသိလား။

lazybiz said...

Let the socall Hard Liners in the Army take power or coup.

Then lets face with those thugs openly as earliest as possible.

We are waiting for that days.

Forget those confuse guys like Thein Sein, Suu Kyi and others..

Positive View said...

Hate kaung, Zaw Win.......

Sauk Yuuuu!!!!!!!!

MyaKyarPhyu said...

First of all, who are you? We never know your name in 88 generation. Where are you? What are you doing now for Myanmar? Do you have enough courage like Ko Min Ko Naing and others? Stop talking nonsense and come back to homeland to do good. Don't bark from outside of the fence.

YTK said...

I want to ask to Mr Zaw Win.What have you done for Myanmar people?You ask yourself first then you write.

zhkk said...

Zaw win
If you dare or have blood and gut. Come back to Burma first.

Thu said...

88 generation should learn from 2007 Kyaw Ko Ko, who clearly shown a master plan with full visionary of politic outline.

http://www.first-11.com/index.php?option=com_content&view=article&id=11936%3A2012-01-17-09-55-08&catid=42%3A2009-11-10-07-36-59&Itemid=112

ငထင်ငယ် said...

အများကြီးမပြောတတ်ဘူး
ကိုယ့်လူမျိုးအချင်းချင်းသွေးခွဲနေတဲ့ ကီးဘုတ်နိုင်ငံရေးသူတောင်းစားစောက်ကြောက်ကြီးးးးးးးးးးး

Thu said...

Daw Su makes a good practice to obey the current laws and regulations by more than 20 year struggling.

I see U Gambirah's hard tone and thought change robe uniform to move actively in politic due respect to Buddha's taught.

angry_brown said...

Ko Min Ko Naing and (genuine) 88-generation-students guaranteed to follow DASSK and NLD. No one is splitting. No one is opposing Daw Su, but you guys. Now you sound like Thakhin Soe, saying you don't want pity Democracy. It was about independent back then, arguing not real thing and such. Whatever dude,I strongly suggest you guys make a convention called,"I-hate-DASSK-and-NLD" and find out how much support you guys can get. Hay, you guys can formulate a good solution to overcome this dilemma. Starting with You,MoeThee,Dr.Lun Swe, Garmani, Comrade Kyaw Than, CPB ,and the all other opportunists who scare of seeing changes in Burma. If you guys have a good strategy, people will follow. Rest Assure! Right now, pls don't say,"Sour Grape". Thank you.

Exo Chick said...

ခေတ် နောက် ပြန် ဆွဲ တဲ့ နိုင် ငံ ရေ: အ ယူ အ ဆ ပါ။ ဒီ ဆောင်း ပါး က လူ တွေ ကို လမ်: ပေါ် ထွက် စေ ချင် ပုံ ရ ပါ တယ် ။ ၈၈ တုံး ကလမ်: ပေါ် ထွက် ခဲ့ ကြ လို့ အ သီ: အ ပွင့် တွေ ခံ စား ရ ပါ တယ် မ ငြင်း ပါ ဘူ: မှန် သင့် သ လောက် မှန် ပါ တယ် ။ နိုင် ငံ ရေး အ ယူ အ ဆ ဆို တာ ခေတ် နဲ့ အ ညီ အ ခြေ အ နေ တ ရပ် နဲ့ အ ညီ ပြောင်: လဲနေ တာ ပါ US တောင် မြန် မာ နိုင် ငံ ရေး Policy အ ပြောင်: အ လဲ လုပ် နေ တာ မြင် ရ တဲ့ အ တိုင်း ပါ ဘဲ။ နောက် တ ခု က လမ်: ပေါ် ထွက် ရင် နိုင် ငံ အ နေ နဲ့ ရော လူ မျိုး အ နေ နဲ့ ပါ ဆုံး ရှုံး မူ အ များ ကြီ: ဖြစ် မှာ သေ ချာ ပါ တယ် Arab Spring မှာ အောင် မြင် တဲ့ နိုင် ငံ အ တော် ရှား ပါ တယ်
စ တေး ပြစ် ခဲ့ ရ တဲ့ လူ့ စွမ်: အာ: အ ရင်း အ မြစ် တွေ ပြန် ရှာ ဖွေ ပြီ ရှေ့ ခ ရီး ဆက် ကျ ရ အောင် ဒီ စာ ရေး တာ ကို မိုး သီ: ဖြစ် မယ် ဆို လဲ 88 မှာ တတ် ကြွ တဲ့ activist တ ယောက် အ နေ နဲ့ သာ မြင် သွား ချင် ပါ တယ်

Kyaw Zin said...

I like this (Very clear and unbias)and agree with the authour.
Ko Zaw Win, don't pay ( and I know you woun't) any attention to those who only have tunnel vision.

maynadekyaw said...

This article is devided in NLD and 88.

layaung said...

I totally agree with Truth, ma har, Truth Lover, Taw lu Thit, Thiri, swesoe, Positive View, MyaKyarPhyu, Ytk, zhkk, angry brown, Exo Chick. Ko Lun Swe, Ko Moe Thee and Ko Zaw Win are funny guys.

shwe li said...

you are IDIOT.

kokozaw said...

Ethnic hv their own ways,dassk understand that there will be no peace without ethnic.

BHSOH said...

ရွေးသားရွေးပါ ကိုယ်ဆရာ အမြဲဖတ်ရှူမည်။ ပြောသာပြောပါ ကိုယ့်ဆရာ အမြဲဖြန့်ဝေမည်။ မကောင်းတာတွေ ကောင်းအောင်လုပ် ပြည်သူ့သဘော စုဂုဏ်ထုတ်။ မောင်ရွှေမန်းက ပြောထားတယ်နော် ရွေးကောက်ပွဲမှာ အရွေးခံဖို့အတွက် လွတ်ပေးမယ်လို့ ရွေးကောက်ပွဲမှာ အရွေးမခံပဲ ပါးစပ်မပိတ်ရင် အောင်ဆန်းစုကြည်အဲရ်စ် လည်း မသာမကြီး သိန်းစိန်နဲ့ မင်္ဂလာဆောင်တော့မယ်။

Shancherry said...

်စောက်ပေါအထာတွေနဲ့လာရေးထားတာတွေကြီးပါလား....ဦးနှောက်က အဲလောက်တောင်မှ မရင့်ကျက်သေးဘူးဆိုရင်တော့ နိုင်ငံရေး ဗူဗောင်းလာမှုတ်မနေပါနဲ့လားဗျာ.....
ကောင်းသောရှုထောင့် ဆိုတာ ကိုယ့်ကြည့်တဲ့နေရာနဲ့ အမြင်ပေါ်မှာ ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ တင်ပြခြင်းကို ကောင်းသော ရှုထောင့်..ကောင်းသော အမြင်လို့ ဆိုပါတယ်...

Knightly said...

The writer clearly holds on to the confrontational approach which is no longer conducive to the changing circumstances. The Burmese politics over the 20 or so years have been the best scenario of these opportunists to get to easy access of foreign funds and lead comfortable lives outside the country. So, if he is foreign based, his motive is to instigate street demonstrations which would reverse the situation. That is why he is bad-mouthing Daw Aung San Su Kyi, NLD and all the democratic forces within the country, who sacrificed a lot for the country to come to this far. If he stays inside the country, then he is a pathetically lonely guy burning with jealousy.

မန်းဒုံ said...

ကိုဇော်ဝင်းရေ

လူပြိန်းတွေဘာပဲပြောပြာ ပြောသင့်တာပြောရမှာပဲ.
တို့မြန်မာတွေကခက်တယ်။ အမှန်ကို အမှန်တိုင်းပြောရင် တော်တော်နာကြတယ်။
စစ်အာဏာရှင်တွေနဲ့ပဲ ကိုက်ပါတယ်။

လူပြိန်းတွေကို ပြန်ပြောလိုက်မယ်။
ဒေါ်စုလုပ်တိုင်း မှန်တယ်လို့ယူဆကြပါသလား။

taryar moe said...

i think this writer has great jealous on Daw Suu because the whole nation devotes and trusts her that their generation never gets.i do respect 88 generation such as Ko Min Ko Naing and Ko Ko Ko Gyi and i also believe that they also respect Daw Suu.People warmly welcome political prisoners released from the prison especially Ko Min Ko Naing because of Daw Suu.we all always have courage and strength when Daw Suu is released.i want to ask zaw win only one thing.Did u really remember when Ko Min Ko Naing was released prison in 2004 there weren't so many people welcome him but this time do because of Daw Suu.she gives us courage and guides new trend of democratic evolution.i want to reming zaw win if u had enough courage please post your photo with your essay so we could know who you are.i definitely know you can't because you are coward.

မန်းဒုံ said...

စစ်သားလူထွက်တွေနဲ့ နိုင်ငံရေးကစားနေတဲ့သူကို ထောက်ခံချင်ထောက်ခံလို့ရတယ်။
လမ်းခွဲရင်လည်း လမ်းခွဲနိုင်တယ်လေ။

ဒါ လူ့သားတစ်ဦးရဲ့ လွတ်လပ်တဲ့ရွေးချယ်မှုပဲ။

ဒါမှဒါ အစွဲတော့ မရှိသင့်ပါဘူး။

ဒေါ်စုဟာ အရင်တုန်းကနေ စစ်သားလူထွက်တွေနဲ့ပေါင်းတယ်။ သူ့ပါတီခေါင်းဆောင်ရာထူးတောင်ပေးလိုက်သေးတယ်။

အခုလည်း တဆင့်တက်ပြီးပေါင်းတယ်။



မင်းတို့တွေစစ်အာဏာရှင်ကို တိုက်ဖျက်နေတယ်ဆို။

တို့ကို ညင်ညင်သာသာ နူးညံ့သိမ်မွေ့စွာနဲ့ ခွဲထွက်ခွင့်ပြုပါ။

La said...

လေဒီကြီးရော လွတ်လာထဲက ဘာတွေလုပ်ခဲ့ပါလဲ
သိန်းစိန်၊ အောင်ကြည် တို့ နဲ့ တွေ့ တယ်။ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာ Public ကို ပြောပြခဲ့ပြီး ပြီလား၊
သံတမန်တွေ ၊ နိုင်ငံခြား ဧည့်သည်တွေ နဲ့ တွေ့ တယ်။ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာ Public ကို ပြောပြခဲ့ပြီး ပြီလား၊
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြန်လည်ဖော်ထုတ်ဖို့  ရုပ်ရှင်ရိုက်ဖို. ကြိုးစားနေတယ်။ ငွေလိုလို့  Stage Show တွေလုပ်ပြီး ရန်ပုံငွေ ရှာတယ်။ ပြည်သူ့ ချွေးနှဲစာထဲက ပိုက်ဆံဆိုတာ နှိက်မထုတ်ခင် အများပြည်သူ ၀မ်းဝလို့  ခါးလှအောင် ခေါင်းဆောင်တယောက် အနေနဲ့ ဘာတွေဆောင်ရွက်ခဲ့ပြီးပြီလဲ၊ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဒီရုပ်ရှင်ရိုက်ရေးထက် အရေးကြီးတဲ့ အရေးမရှိတော့ပြီလား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဟာ ဖျောက်ဖျက်လို့ ရတယ် လို့  ထင်ရင်
လေဒီကြီးရော ဘာ့အတွက် နိုင်ငံရေး လုပ်နေပါသလဲ။

ABC said...

တကယ်တော့ မြန်မာနိုင်ငံက ဆီရီးယားပုံစံ မျိုးဖြစ်နေရင်တော့ လူထုလှုပ်ရှားမူတွေ ဖြစ်ပေါ်လာဖို. လှုံ.ဆော်နိုင်ပါတယ်၊ မြစ်ဆုံစီမံကိန်းမှာ လူတွေစည်းရုံတဲ့အချိန်မှာ သမ္မတဦးသိန်းစိန်က စီမံကိန်းကို ရပ်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးခဲ့တယ်၊ ကလင်တန်မြန်မာပြည်ကိုလာခဲ့တယ်၊ ခုတစ်ခါ လက်ရှိအစိုးရကို အီးယူနိုင်ငံတွေက ဗီဇာပိတ်ထားတာကိုရုပ်သိမ်းလိုက်ပြီ၊
ဦးသိန်းစိန်အစိုးရက ကောင်းတာ မကောင်းတာ အပထား၊ လောလောဆယ် မှာ သူတို.လုပ်ဆောင်ချက် က အောင်မြင်နေ တာကိုတွေ.ရတယ်၊ လောလောဆယ် စစ်တပ်ကလဲ လက်ရှိအစိုးရ ကို ထောက်ခံမှုပေးနေတယ်၊ အေဘီစီ ကို အစိုးရလုပ်ဆောင်နေတာတွေ ဖော်ကျူးနေ လို.အစိုးရလူလို.ထင်မှတ်နေမလား၊

ကျွန်တော်ဆိုလိုချင်တာက လက်ရှိအတိုက်ခံဆိုသူများက ဒီထက်ပိုမိုကောင်းမွန်တဲ့ နည်းဗျူဟာမျိုးနဲ. လုပ်သင့်ပါပြီ၊ အစိုးရကို ဆန်.ကျင်သည်ဖြစ်စေ၊ ပူးပေါင်းသည်ဖြစ်စေ အစိုးရထက်ခြေတစ်လှမ်းသားစေတဲ့ နည်းဗျူဟာမသုံးသေးသရွှေ. လက်ရှိအစိုးရရဲ့ ထားရနေ၊ စေရာသွားရမဲ့ဘ၀မျိုးပါပဲ၊

ယခင်အင်္ဂလိပ်လက်ထက်က ဆရာစံတော်လှန်ရေးပုံမျိုးနဲ. ခုချိန်မှာ လုပ်လို.မရတော့ပါဖူး၊ ၁၉၈၈ ၊ ၂၀၀ရ အရေးတော်ပုံက ပုံစံမျိုးနဲ.လည်းသွားလို. မရပါဖူး၊ ခုက ၂၀၁၂ ဆိုတာကို သတိပြုမိစေချင်ပါတယ်၊

နောက်ပိုင်းမင်းကိုနိုင်ဦးဆောင်ပြီး လူထုလှုပ်ရှားမူလုပ်မယ်ဆိုရင်တော့ ၁၉၈၈ က လူထုထောက်ခံမူ ရဲ့ ၅ ပုံ ၁ ပုံ ရပါ့မလားလို. သံသယရှိမိပါတယ်၊ ဒါကဘာလဲဆိုတော့ အချိန်ပြောင်းလဲ လာတာနဲ.အမျှ လူတွေရဲ့ အတွေး အခေါ်အယူအဆတွေလဲ ပြောင်းလဲ လာခဲ့ပါတယ်၊

နောက်တစ်ချက်က လူတွေလေးစားလောက်တဲ့ မင်းကိုနိုင်၊ ဇာဂန တို.တောင်မှ လူထုလှုပ်ရှားမူကို အားမပေးတော့ပါဖူး၊ လောလောဆယ် အခြေအနေအရ လက်ရှိအရပ်သားအစိုးရနဲ. ပူးပေါင်းပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမူရေး တွေကိုမြှင့်တင်ရမဲ့အချိန်ဖြစ်ပါတယ်၊ တစ်ချိန်တည်းမှာ democratic မကျတဲ့ ဖွဲ.စည်းပုံကို ဖြေးဖြေးချင်းပြောင်းယူရမှာဖြစ်ပါတယ်၊ လက်ရှိအစိုးရကလည်း မပြောင်းလို. မရတဲ့ အခြေနေကို သိလို. သူတို.လည်း ပြောင်းနေပါပြီ၊ ဦးသိန်းစိန်ကြီး ကိုအားမရလို. တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် တပ်မတော်က အာဏာပြန်သိမ်းပြီး ကိုရီယားလိုပုံစံမျိုးဖြစ်သွားနိုင်တယ်ဆိုတာ ကို သတိပေး ချင်ပါတယ်၊ လောလောဆယ် အခြေအနေအရ ပြည်သူတွေ လမ်းပေါ်ကို ဆန္ဒပြနိုင်မဲ့ အနေအထားမျိုး မရှိသေးတာကတော့ အမှန်ပဲ၊ စစ်တပ်ဆိုတဲ့ institution ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.အစည်းတွေ ခုချိန်ထိ နိုင်အောင်မတိုက်နိုင်သေး တာတော့ အမှန်ပဲ၊

အဲဒီ့စစ်တပ်ကို သူရဲ့မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်လုံခြုံရေးနဲ. ကာကွယ်ရေးတာဝန်ပဲ လုပ်ဆောင်နိုင်အောင် စစ်တန်းလျားကို ဖြေးဖြေးချင်းပြန်ပို. ရမှာပဲ၊ လောလောဆယ်တော့ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တွေရဦးမှာပဲ၊ စင်ကာပူ ၊ ထိုင်း စတဲ့ အာစီယံနိုင်ငံတွေမှာ ၀န်ကြီး တွေက ဗိုလ်ချုပ်ဟောင်းတွေကိုတွေရပါတယ်၊ ဒါပေမဲ့ အဲဒီ့ဗိုလ်ချုပ်တွေက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ. ကွာတာက နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့ သူတွေဖြစ်လို. တိုင်းပြည်ရဲ့ စီးပွားရေးမှာ နိုင်နိုင်နင်းနင်းလုပ်ဆောင်နိုင်တာကို တွေ. ရပါတယ်၊

မြန်မာနိုင်ငံက ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ U.K, U.S.A က ဒီိမိုကရေစီမျိုး မဖြစ်နိုင်ပါဖူး၊ မြန်မာနိုင်ငံဒီမိုကရေစီက သူငယ်တန်းအဆင့်သာရှိပါတယ်၊ စိတ်ရှည်ပါ၊ သီးခံပါ၊

ဒေါ်စုလဲ ရွေးကောက်ပွဲမှာနိုင်ရင် အစိုးရရဲ့ ၀န်ကြီး ရာထူး ကိုပေးမလားစောင့်ကြည့်ရပါလိမ့်မယ်၊ တစ်ခါတစ်လေ လူဆိုတာ အတိုက်ခံလုပ်ရင် ကျွမ်းကျင်ပေမဲ့ ကိုယ်ကိုယ်တိုင် အစိုးရတက်လုပ်ရင် ကမှောက်ကမဖြစ်တတ်ပါတယ်၊ ဒါနဲ.ဆက်စပ်လို. ထပ်ပြောချင်တာက NLD က ခုဆိုရင် ဒေါ်စုလွတ်လာပြီး ပါတီတရားဝင်ရပ်တည်ခွင့်ရှိလာတာနဲ. အတူ လူတွေက ပါတီဝင်အဖြစ်လျောက်နေကြပါပြီ၊ အဲ့ဒီ ပါတီဝင်များဆိုတာက တိုင်းပြည်အကျိုး တကယ်သယ်ပိုးတဲ့သူတွေ ဖြစ်ပါစေလို. မျှော်လင့်မိပါတယ်၊ နည်းနည်းလေး အာဏာရလာတာနဲ. ကြံ့ဖွံ.၊ စွမ်းအားရှင် တို.လို.ဆန်ကုန်မြေလေးတွေ ဖြစ်မလာစေဖို. ဆုတောင်းမိပါတယ်၊

နောက်ဆုံးပြောချင်တာက အရင်အစိုးရ လက်ထက်က လူတွေချမ်းသာ သွားလို ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီလှုပ်ရှားတဲ့ သူတွေလဲ ရသင့်သလောက်ရသွားပြီး နောက်ဆုံးက ပြည်သူတွေ သာ ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေဇာပင်သာ ဖြစ်ခဲ့ရပါတယ်၊ နောက်ဆုံးမှာတော့ အားလုံးက လုပ်စားတွေပါပဲ၊

Phoenix said...

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်က မည်သည့်နိုင်ငံနှင့်မှမတူပါ။
သိန်းစိန်အစိုးရအောင်မြင်နေသည်ဟုမယူဆပါ။
သို့သော် မြန်မာများသည် ယခုဆောင်းပါးကိုအပြုသဘော
မမြင်ဘဲ ငါ့တကော ကောမန့်သူများသာဖြစ်နေရင်တော့
သိန်းစိန်အစိုးရ အသာစီးရနိုင်ပါသည်။
လူထုတော်လှန်ရေးသည် သမိုင်းအဆက်ဆက်ပြောရလျှင်
(၁၈)ရာစုမှ(၂၁)ရာစုတိုင်.....တနည်းပြောရလျှင်..
ယနေ့ကမ္ဘာ့နေရာအနှံ့အပြား(ချီလီ၊အီဂျစ်၊ယီမင်၊USA,UK)မှာခေတ်မှီနေသေးသောတော်လှန်ရေးတရပ်ဖြစ်ပါ
သည်။
မင်းကိုနိုင် လူထုကိုမေးခဲ့တဲ့ ဓါးအိမ်ပြရုံနဲ့မသိရင် ဓါး
ထုတ်ပြရဲတဲ့သတ္ထိရှိရဲ့လား ဆိုတာကို မသိချင် မမြင်
ချင်ယောင်ဆောင်ပြီး မင်းကိုနိုင် လူထုလှူပ်ရှားမှူ့လုပ်
လျှင်ထောက်ခံမှု့ ၅ပုံ ၁ပုံ တောင်ရပါ့မလားသံသယ
နိုင်ငံရေးရေချိန်တိမ်ပြီး သဘောတရားခေါင်းပါးသော
သံသယဖြစ်သည်။
P.S
တပ်မတော်ကအာဏာပြန်သိမ်းမယ်လို့ သတိပေးစရာ
မလို..တပ်မတော်အာဏာသိမ်းထားတာ ၁၉၆၂ ကထဲ
ကဘဲ။

Unknown said...

ABC ပြောတာ ထောက်ခံပါသည်။
မကြိုက်လို့လမ်းခွဲချင်ရင် ခွဲနိုင်ပါသည်။ ဘယ်သူမှမတားပါ။ အေးအေးဆေးဆေးသာ ခွဲပြီး ကြိုက်တဲ့နေရာ ကြိုက်တဲ့ နိုင်ငံမှာသာ ဘယ်တော့မှ မပြီးတဲ့တော်လှန်ရေးလုပ်နေပါ၊ ရပါသည်။
သို့သော် ငါလုပ်တာ မအောင်မြင်ရကောင်းလား ဟု မကျေမနပ် မကောင်းသော အကြံဖြင့် ဖျက်လိုဖျက်ဆီးလုပ်ရန်တော့ မကြိုးစားပါနှင့်၊
အရင်တုံးက အတွေးအခေါ်နှင့်ပြည်သူတွေ မဟုတ်တော့ပါ။
ပြည်ပမှာ လုပ်စားနေကြတာလည်း သိနေကြပါပြီ။ တော်လှန်ရေးဆိုပြီး အချင်းချင်း စားခွက်လု ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာလည်းသိနေကြပါပြီ။
ဟိုအဖွဲ့ နှင့် ဒီအဖွဲ့ စားခွက်လု နေကြတာလည်း သိနေကြပါပြီ။

ကိုတင်

Phoenix said...

ဟား..ဟား
စစ်အစိုးရပေးမဲ့ ဒီမိုကရေစီကိုယုံနေလိုက်
ဋ္ဌကတာ..
ယုံပါ..ယုံပါ..
သနားတယ်..

Unknown said...

ကပ်ခွာလွမ်းဆွေလဲ နီးရာဓါးကြောက်ရတာပါဗျာ၊ မြောက်ပိုင်းကျောင်းသားကိစ္စလည်း တဖြေးဖြေး သူ့ ဆရာတွေကို ထိလာတော့ အဲ့အကြောင်း သူ့ဆိုက်ထဲမယ် ကပ်ခွာတောင်မလုပ်တော့ဘူး

Unknown said...

ဆူဆူပူ လုပ်မယ် ဆိုရင် စစ်တပ်ဆိုတာ သေနတ်ကိုမိုးပေါ်ထောင်မဖေါက်ဘူး။ တည်.တည်. ပစ်မှာ(စာဖြင်.လှုံ.ဆော်သူကိုမဟုတ်တကယ်လက်တွေ. လမ်းပေါ်ထွက်သူများကိုပစ်မှာ)