Saturday, May 30, 2015

ကျောင်းသားဝတ္တရား

(ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးသားခဲ့သည့် ဆောင်းပါး)

အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ့အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံအတွင်း လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်တိုင် တတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏အလုပ်ဝတ္တရားအဖြစ် ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုး နပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ်အမွေခံ ဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့်အသက် ၁၆ နှစ်၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသား၏၀တ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ အတန်း စာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိ ကြလေသည်။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာဖြစ်ပေသည်။ ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကအရေး၊ ဓမ္မအရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာမှ စာအုပ်စာပေကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကိုခွဲခြား၍ ထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည်လောက စစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်း သနစ်ကို ဖော်ထုတ်လာကြ၏။ An Examination of Examinations (စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်)ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာအဖြေ တစ်ခုတည်းကိုပင် အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်ဦးတည်းက ခြောက်နှစ်ခန့်ကဖြတ်ခဲ့သော အဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါအမှတ် ပေးပုံချင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တစ်ရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကအလယ်တွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူးသည်။

''လူတိုင်း လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။''
ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်း ရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို၊ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ၊ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင်သာမက အထောက်အထားများကိုကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သောပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူ ချည်းမဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ်ကမ္ဘာ့ထိပ်တန်းသမား များတွင် ဟစ်တလာနှင့် မူဆိုလီနီတို့သည် ကျောင်းမှာပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်း တွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာ မထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင်ဒုတိယတန်းမျှသာရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်း မရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိ။

ဆာဝါလတာစကော့မှာမူ လူနွားဟုပင် ဆရာ၏ အခေါ်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှသရုပ်ပေါ်အောင် ပြလိုက်ခြင်းတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန် တစ်ထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။

စင်စစ်သော်ကား ကျောင်းပင်တစ်ခါမျှ မနေဖူး၍ စာတစ်လုံးမျှမသင်ဖူးသူပင် ပညာ ရှိဖြစ်နိုင်၏။ ဤကားဖြစ်နိုင်သည့်အကြောင်းကို အကျွန်ဆိုခြင်းဖြစ်ပေသည်။ ယခုကမ္ဘာ ပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော်၊ ၎င်းတို့ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လော ကအလုပ်ဝတ္တရားတွင် သုံးစွဲမှသာ စာတတ်အမှန်ဖြစ်ပေသည်။

အကယ်၍ စာမတတ်သူသည် လောက အမှတ်အသားကောင်းမွန်၍ နေရာချတတ် ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏ အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးစာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့စာအုပ်ပေစာမှ ကျော်လွန်သောပညာကို အဘယ်သို့ ရအံ့နည်း။

ထိုပညာစစ်ကိုရရန် လွတ်လပ်စွာတွေး တောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ကိုမွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူပုဂ္ဂိုလ်များက Academic Freedom (ပညာသင်ကြားရေးလွတ်လပ်ခွင့်)ဟု ခေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလွဲစေသည့် ရီနေဆန်နှင့် ရီဖောင်မေးရှင်း ခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင်ဟောကြားသော ကာလမသုတ္တန်သဘောအရပင်တည်း။

ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် ရှိရမည်ဆို ရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆိုလုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ် အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် တွေ့ကြုံနေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကိုလွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုသာ မြင်သော ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။

ထို့ကြောင့် ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ကို ပြု လုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ် လပ်စွာမပြောရ၊ မဆိုရ၊ မလုပ်ရ၊ မဆွေး နွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုမှ ပညာရေးအစစ်မည်လေသည်။

တစ်ဖန်ယနေ့ဖြစ်သော ကျောင်းသား များသည် မနက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသည်ဖြင့် အမျိုးမျိုးစုံအောင် အသင်းအပင်းများ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့်တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ လူသတ္တ၀ါတို့အားလည်းကောင်း၊ မည်သို့မည်ပုံထိခိုက် မည်ဟုသိနိုင်အောင် ကမ္ဘာ့အခြေအနေကိုလည်း မိမိရရသိရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ် ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ် လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါ အလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်း ကွဲလာ၏။ ဤသို့ပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိသည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့ ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။

အောင်ဆန်း

No comments: