Sunday, November 8, 2015

အရေးကြုံလာရင် 'အကွီနို' လို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုပေးရဲပါ့မလား

အရေးကြုံလာရင် 'အကွီနို' လို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုပေးရဲပါ့မလား
------------------------------------------------------------------------------------
(ရွေးကောက်ပွဲလိမ်လည်မှုမှ လူထုအာဏာသို့ ...)

ဖိလစ်ပိုင်ပြည်သူလူထုဟာ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ရွေးကောက်ပွဲမှာ အလွန်တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် မဲပေးကြပါတယ်။ မားကို့စ်ဘက်ကလည်း ရွေးကောက်ပွဲကို အနိုင်ယူဖို့အတွက် နည်းမျိုးစုံ သုံးခဲ့ပါတယ်။ မဲစာရင်းမှာ မပါအောင် ချန်လှပ်ထားသူ အရေအတွက်က ၃ သန်းကျော်ရှိပါတယ်။ မဲလိမ် မဲခိုး မဲဝယ်ရောင်းတွေလည်း မနည်းလှပါဘူး။ အကွီနိုကို ထောက်ခံတဲ့ အုပ်ချုပ်ရေးမှူးတယောက် အသတ်ခံရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲရလဒ်ကို ပြုစုရတဲ့ အဖွဲ့ထဲက ကွန်ပျူတာပညာရှင် ၃၀ က မဲရလဒ်လိမ်လည်မှုကို မလုပ်နိုင်ဘူးဆိုပြီး အလုပ်ထွက်ကြပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်တဲ့အခါ မားကို့စ်က မဲပေါင်း ၁၀ သန်း ၈ သိန်းကျော် ရရှိပြီး အကွီနိုက မဲ ၉ သန်း ၃ သိန်းရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုအဖွဲ့ (NAMFREL) ကတော့ အကွီနိုက မဲ ၇ သန်း ၈ သိန်းကျော်ရပြီး မားကို့စ်က ၇ သန်း ၅ သောင်းကျော်ပဲ ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကော်မရှင်က မားကို့စ်သာလျှင် အနိုင်ရသူဖြစ်တယ်လို့ တရားဝင်ကြေညာတဲ့အခါ အတိုက်အခံ လွှတ်တော်အမတ် ၅၀ က ကန့်ကွက်ပြီး လွှတ်တော်ထဲက ထွက်သွားကြပါတယ်။

နောက်ရက်မှာတော့ အကွီနိုက လူထုစည်းဝေးပွဲကြီးခေါ်ပြီး ရွေးကောက်ပွဲလိမ်လည်မှုကို အာခံတဲ့အနေနဲ့ သပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကျော်ခဲ့တဲ့ လူထုအာဏာ လှုပ်ရှားမှုကြီး (Philippines People Power Movement) ပေါ်ပေါက်လာခဲ့ပါတယ်။

ပြည်သူလူထု ၂ သန်းကျော်ဟာ မြို့တော်မနီလာက ဖြတ်သန်းသွားတဲ့ အက်ဒဆာ အဝေးပြေးလမ်းမကြီးပေါ်မှာ စုရုံးပြီး အာဏာရှင်မားကို့စ်ရဲ့ အနိုင်ယူမှုကို လက်သင့်မခံ ငြင်းဆန်ကြပါတယ်။ ဒီလူထုရဲ့ အကြမ်းမဖက် အာခံမှုကြီးမှာ ဘာသာရေးခေါင်းဆောင်တွေ၊ အနုပညာသမားတွေလည်း အလုံးအရင်းနဲ့ ပါဝင်ခဲ့ကြပါတယ်။

လူထုကြီးဟာ ဂီတအနုပညာသမားများရဲ့ သီချင်းသံတွေကို သံပြိုင်လိုက်သီဆိုရင်း ငြိမ်းချမ်းရေးကို သရုပ်ဖော်ခဲ့ကြတယ်။ လူထုစုဝေးမှုကြီးကို ဖြိုခွဲဖို့ ရောက်လာတဲ့ စစ်သားတွေဟာ လူထုရဲ့ လှိုက်လှဲတဲ့ ကြိုဆိုမှုအောက်မှာ လူထုနဲ့ တသားတည်း ဖြစ်သွားကြပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမော့စ် (Fidel Ramos) နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အင်န်ရိုင်း (Enrile) တို့က မားကို့စ်အစိုးရထဲက နုတ်ထွက်ပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းလိုက်ကြတယ်။

ကက်သလစ် ခရစ်ယာန်သီလရှင်များက လက်နက်ကိုင်စစ်သားများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေကြပုံ၊ ပြည်သူလူထုက တင့်ကားပေါ်က စစ်သားများကို ရေပုလင်းနဲ့ ပေါင်မုန့် ပေးနေကြတဲ့ ပုံတွေဟာ ဖိလစ်ပိုင် ပြည်သူလူထုရဲ့ အကြမ်းမဖက် လှုပ်ရှားမှုအောင်ပွဲကို သရုပ်ဖော်တဲ့ပုံများအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၅ ရက်အထိ ကျင်းပခဲ့တဲ့ လူထုဆန္ဒပြပွဲကြီးကြောင့် အာဏာရှင် မားကို့စ်နဲ့ မိသားစုဟာ တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ အကွီနိုက ၂၅ ရက်နေ့မှာ ၁၁ ယောက်မြောက် ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းကျိန်ပါတယ်။ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက အကွီနိုကို ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီသူရဲကောင်းလို့ အမည်ပေးပါတယ်။

(မောင်သာမည - ''ဖိလစ်ပိုင်စတိုင် ဒီမိုကရေစီအပြောင်းအလဲ'' ဆောင်းပါးမှ ...)

အကျယ်ဖတ်လိုပါက http://burmese.dvb.no/archives/120661

No comments: